Loading...

ကျောက်ကြီးမြို့တွင် မြို့လယ်ချောင်း ရေကြီးမှုကြောင့် လူ ၉၀၀ နီးပါး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရ


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် မြို့လယ်ရှိ ကျောက်ကြီးချောင်းရေကြီးခြင်းကြောင့် မြို့ပေါ်ရပ်ကွက် လေးခုနှင့် ကျွန်းပင်ဆိပ်ကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူ အိမ်ထောင်စုပေါင်း ၁၉၃ စုမှ လူဦးရေ ၈၇၉ ဦးတို့မှာ ရေဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်း နေထိုင်လျက် ရှိကြောင်း ကျောက်ကြီးမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
ကျောက်ကြီးမြို့၌ ချောင်းရေကြီးသည့် အခြေအနေနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်စန်းဦးက “၁၉၇ အိမ်ပြောင်းရွှေ့ထားတယ်။ ၁၄၁ အိမ် က ကယ်ဆယ်ရေး စခန်းတွေမှာပေါ့။ ကျန်တာကတော့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ။ စစ်တောင်းမြစ်ကတော့ စိုးရိမ်ရေအမှတ် မရှိသေး ဘူး။ လက်ရှိ ရေအမှတ်က ရွှေကျင်နဲ့ အတူတူပဲလေ။ ချောင်းထဲမှာ တောင်ကျရေ ကျတာပေါ့။ အထွေအထူးကတော့ ကျွန်တော်တို့ဆီကတော့ သိပ်တော့ မများသေးပါဘူး။ အခုရွှေ့ပြောင်းပေးထားတဲ့ သူတွေကိုတော့ တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ လူကယ်ပြန်က ချပေးထားတဲ့ဟာနဲ့ အဲဒါနဲ့ ထောက်ပံ့ပေးနေတယ်။ ကျန်တာတော့ ဘာမှမရှိသေးပါဘူး”ဟု ဆိုသည်။
ကျောက်ကြီးမြို့တွင် ပြီးခဲ့သော ဇူလိုင် ၃၀ ရက်က တစ်ကြိမ် ချောင်းရေ မြင့်တက်လာ၍ မြို့ပေါ်ရှိ အနိမ့်ပိုင်း ရပ်ကွက်နေ ပြည်သူများအား ရေဘေးလွတ်ရာသို့ တစ်ကြိမ် ရွှေ့ပြောင်းပေးခဲ့ရပြီး သြဂုတ် ၃ ရက်တွင် ဒုတိယအကြိမ် ပြန်လည် မြင့်တက်လာရာ သြဂုတ် ၇ ရက်အထိ စာရင်းအရ အိမ်ထောင်စုပေါင်း ၁၉၃ စုမှ လူဦးရေ ၈၇၉ ဦးတို့မှာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်လျက် ရှိကြောင်း၊ အဆိုပါ ရေဘေးသင့် အိမ်ထောင်စု ၁၉၃ စုအနက် အိမ်ထောင်စု ၁၁၆ စုမှ လူဦးရေ ၅၄၄ ဦးတို့အား တာဝန်ရှိသူများက ရေဘေးကယ်ဆယ်ရေးစခန်း ငါးခု ဖွင့်လှစ်၍ ကူညီ စောင့်ရှောက်ထားရပြီး ကျန်အိမ်ထောင်စု ၇၇ စုမှ လူဦးရေ ၃၃၅ ဦးတို့မှာ နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ပြောင်းရွှေ့ နေထိုင်ခဲ့ရကြောင်း ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှသိရသည်။
ကျောက်ကြီးမြို့၏ စစ်တောင်းမြစ် စိုးရိမ်ရေအမှတ်မှာ ၉၃၀ စင်တီမီတာဖြစ်ပြီး သြဂုတ် ၇ ရက်တွင် စစ်တောင်းမြစ်ရေမှာ ၈၈၀ စင်တီမီတာသို့ ရောက်ရှိနေကာ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် နှစ်ပေ နီးပါးခန့် လိုနေသေးသော်လည်း မြို့လယ်တွင် ဖြတ်စီးနေသော ကျောက်ကြီးချောင်းအတွင်းသို့ တောင်ကျရေများ စီးဆင်းခြင်းကြောင့် ချောင်းရေကြီးသဖြင့် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း၊ ကျောက်ကြီးချောင်း ရေကြီးခြင်းကြောင့် ချောင်းရေများ ဝင်ရောက်နေသော စာသင်ကျောင်း ငါးကျောင်းကိုလည်း ယာယီ ပိတ်ထားရပြီး လယ်မြေဧက ၁၆၀၀ ကျော်မှာလည်း ရေလွှမ်းမိုး ခံရလျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။
လတ်တလောတွင် ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်တပ်ရင်း တပ်ဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိ အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နယ်မြေခံ တပ်မတော်က ရေဘေးသင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်အပြင် ရေဘေးအန္တရာယ် ဆိုးရွားစွာ ကြုံတွေ့လာပါက မြန်မြန်ဆန်ဆန် ကူညီဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်မှ ရေယာဉ်များအား အဆင်သင့် လုပ်ဆောင်ထားကြောင်း သိရသည်။
Eleven Media
Powered by Blogger.